ကလေး စကားပြော နောက်ကျနေရင် ဘာလုပ်ရပါ့
မိဘဖြစ်ရတာက လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး။ ကလေးက ကောင်းကောင်းဖွံ့ဖြိုးရဲ့လား။ စကားပြော နောက်ကျနေလား၊ ဘာသာစကားတွေကို နားလည်ရဲ့လားဆိုတာက စလို့ အစစ အရာရာ သေချာ ဂရုစိုက်ပေးရပါတယ်။ ဒီတစ်ခါမှာတော့ အိမ်ကရင်သွေးလေးက စကားပြောနောက်ကျနေတာကြောင့် ဘယ်လိုတွေ ဖြေရှင်းရမလဲဆိုတာကို မသိဘူးဆိုတဲ့ ဖေဖေမေမေတို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
စကားပြော နောက်ကျတာလား၊ ဘာသာစကား နားမလည်တာလား
စကားပြော နောက်ကျတာနဲ့ ဘာသာစကား နားမလည်တာက ကွာခြားပါတယ်။ စကားပြောနောက်ကျတာက ကလေးက စကားတွေကို နားလည်ပြီး မပြောသေးတာပဲ ရှိတာပါ။
ဘာသာစကား နားမလည်တာကတော့ ကလေးက ပြောတဲ့ စကားတွေကို နားမလည်သလို ပြန်ပြောတဲ့ စကားတွေကိုလည်း လူကြီးတွေက နားလည်ဖို့ ခက်ပါတယ်။
စကားပြောနောက်ကျတာက ပုံမှန်အတိုင်း နောက်ကျတာမျိုး ဖြစ်နိုင်သလို ကလေးက လျှာခင် တိုနေတာ၊ ပါးစပ်ထဲမှာ ချို့ယွင်းမှု တစ်ခုခု ရှိနေတာကြောင့်လည်း စကားပြောနောက်ကျနိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုကတော့ ကလေးရဲ့ ပါးစပ်ကြွက်သားတွေ ဖွံ့ဖြိုးမှု အားနည်းနေတာ ဖြစ်နိုင်ပါတယ်။ ဒီလို ပြဿနာ ရှိတဲ့ ကလေးတွေမှာ စားသောက်မှုမှာပါ အခက်အခဲ ရှိနိုင်ပါတယ်။
တစ်ခါတလေမှာတော့ ဦးနှောက်ထဲမှာရှိတဲ့ စကားပြောတာကို ထိန်းချုပ်ပေးတဲ့ အစိတ်အပိုင်းမှာ ပြဿနာ ရှိနေတာကြောင့်လည်း ကလေးက စကားပြောနောက်ကျတာ စကားကောင်းကောင်း မပြောတတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ကလးက စကားပြော နောက်ကျနေရင် ဘာလုပ်ရမလဲ?
ကလေးက စကားပြောနောက်ကျနေရင် မိဘတွေအနေနဲ့ အခုလို ကူညီပေးလို့ ရပါတယ်။ ဒါကတော့
- ကလေးကို စကားပြောပေးပါ - ကလေးနဲ့ အချိန်ပေးပြီး စကားပြောပေးတာ၊ သီချင်းဆိုပြတာ၊ ဟန်အမူအရာလေးတွေ လုပ်ပြရင်း စကားပြောပေးတာကလည်း ကလေးကို စကားပြောစေလာဖို့ အားပေးရာ ရောက်ပါတယ်။
- စာဖတ်ပြပါ - ကလေးကို ငယ်စဉ်ကတည်းက စာဖတ်ပြလို့ ရပါတယ်။ ပုံပြင်စာအုပ်လေးတွေ ဖတ်ပြတာ၊ အသက်အရွယ်အလိုက် သင့်တော်မယ့် စာအုပ်လေးတွေ ဖတ်ပြတာ၊ ပုံပြောပြပေးတာတွေက ကလေးကို စကားလုံးတွေ သိရှိစေဖို့ရော စကားပြောစေဖို့ပါ ထောက်ကူပေးမှာပါ။
- ပစ္စည်းလေးတွေရဲ့ နာမည်လေးတွေ ပြောပြပြီး ရှင်းပြပေးပါ - ကလေးကို သူ့ရဲ့အသုံးအဆောင်လေးတွေ ပတ်ဝန်းကျင်က သူစိတ်ဝင်စားတဲ့ အရာလေးတွေကို ကိုင်ပြရင်း နာမည်လေးတွေ ပြောပြတာ၊ ဘယ်လို အသုံးပြုလို့ ရတယ်ဆိုတာကိုပြောပြ ရှင်းပြပေးတာကလည်း ကလေးကို စကားပြောလာအောင် အားပေးရာ ရောက်ပါတယ်။
- တစ်နေ့တာ လုပ်ဆောင်မှုလေးတွေကို ပြောပြပေးပါ - တစ်နေ့တာ လှုပ်ရှားမှုလေးတွေကို လုပ်ဆောင်ရင်း ရှင်းပြရင်း လုပ်ပေးတာကလည်း စကားပြောနောက်ကျနေတဲ့ ကလေးကို စကားပြောလာအောင် အားပေးရာ ရောက်ပါတယ်။
ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေမယ့် ကလေးက စကားမပြောလာဘူး။ စကားသံက မသဲကွဲဘူး။ နားလည်တဲ့ အရိပ်အယောင် မပြဘူးဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး ပြသကြည့်ဖို့ လိုပါမယ်။
မွန်မွန်